Friday, January 11, 2013

တစ္ဆေစံပယ်


မိုးကောင်းကင် တိမ်တိုက်တွေထဲလွင့်မျှော
ပင်လယ်လှိုင်းတွေနဲ့ ရင်ခုန်
စိမ်းညှို့သစ်တောအုပ်ထဲ ပြေးလွှား
ရိုးမ လက်မောင်းတွေပေါ် ခိုနားတယ်...။

တိမ်တိုက်၊ပင်လယ် ၊ သစ်တော
တောင်တန်းအငွေ့အသက်တွေနဲ့
လေညင်းလေလို ရောက်လာလိမ့်မယ်..။

စံပယ်ပန်းရနံ့ရတယ်
သိလိုက်ပြီ
လူ့ဘဝတုန်းက ကဗျာဆရာ
ဘယ်ဖက်ပခုံးမှာ သူရဿတီစောင့်တယ်
ညာပခုံးမှာ ဗီးနပ်စ်စောင့်တယ်
တိုက်ခန်းရှေ့မှာ ရပ်တယ်
ကားမှတ်တိုင်မှာ စောင့်နေတယ်
လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတယ်
ကျောင်းပေါက်ဝမှာ ရှိနေတယ်
ဘုရားရင်ပြင်တော်ပေါ် လျှောက်သွားတယ်
အရိပ်အရောင် ရနံ့ပေးတယ်
ခြောက်ခြားဖွယ်နေ့ရက်များ
ကြေကွဲခံစား ကိုယ်ယောင်ဖျောက်တတ်သူ...။

စံပယ်ပန်းထဲမှာ
ကဗျာဆရာ လိပ်ပြာရှိတယ်
စံပယ်ဝတ်ရည်ထဲမှာ
ကဗျာဆရာ အချစ်ရှိတယ်
စံပယ်ငုံထဲမှာ
ရင်ခုန်စရာ အနမ်းတွေရှိတယ်
ကမ္ဘာတည်အောင် နက်ရှိုင်းစွဲလမ်းနေသူပါ
သံသရာထဲ စွဲမြဲစိုးမိုးနေ..။

ထိတ်ခနဲ ရိပ်ခနဲ
ထူးကဲရှတ စံပယ်ပန်းနံ့ ရလိမ့်မယ်
အရိပ်အရောင်ရနံ့ အသက်ဓါတ်ဆက်နွယ်
စိတ်တူ ကိုယ်တူ အဖြူအစိမ်း ဝတ်သူလေးရေ
မမြင်နိုင်တဲ့ ကဗျာဆရာ လက်ကိုတွဲ
ရင်ထဲရှိသူရဲ့ နေရာ
အသွေးအသားထဲမှာ
စံပယ်ဖြူ တစ်ပွင့် တစ်ပွင့် တလွင့်လွင့် စီးမျှော
တောတွေ တောင်တွေ ဖြတ်ကျော်ခဲ့
လွင့်ပါးတိမ်တိုက်တွေပေါ် လိုက်ပါခဲ့
ပင်လယ်ကမ်းစပ်တွေမှာ လှိုင်းမူးခဲ့
သစ်ပင်တောတန်းတွေပေါ် ခုန်ကူးခဲ့
တခြားကမ္ဘာရှိဖူးရဲ့
ချစ်သူသွားလေရာနောက် တကောက်ကောက် လိုက်ပါ
သေဆုံးကဗျာဆရာ ဝိညာဉ်ဖြူတရိပ်ရိပ်
နွေးထွေးရှိန်းမြ ရင်ဖို ဝိုးတဝါး......။      ။

                          ကောက်နွယ်ကနောင်
                          FASHIN IMAGE ,JUNE 1999

No comments:

Post a Comment